ကင်ဆာကုသမှု ခံယူနေချိန်မှာ ဘာတွေ စားသင့်သလဲ
ကင်ဆာရောဂါ ဖြစ်သူတွေဟာ သေမင်းနဲ့ ပြိုင်ဆိုင်ပြီး တိုက်ပွဲဝင်နေရသလိုပါပဲ။ ကိုယ့်ဘက်က အသာစီးရမှသာ အသက်ရှင်သန်နိုင်ဖို့ အခွင့်အရေး ရပါမယ်။ ကင်ဆာကုသမှုတွေ ဖြစ်တဲ့ ခွဲစိတ်ကုသတာ၊ ဓာတ်ရောင်ခြည် ပေးတာ၊ ခီမိုကင်ဆာဆေးသွင်းတာ၊ ကင်ဆာဆေးတွေ သောက်ရတာတွေ အားလုံးဟာ ကိုယ်ခံအားကျစေပြီး ကြာလာရင် စိတ်ဓာတ်ပါ ကျလာတတ်ပါတယ်။
ရောဂါတစ်ခုကို အထူးသဖြင့် ကင်ဆာလို ရောဂါကို အနိုင်တိုက်နိုင်ဖို့က စိတ်ဓာတ်ကြံခိုင်ဖို့နဲ့ ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အိပ်ရေးဝအောင် အိပ်ဖို့ လိုသလို အာဟာရပြည့်အောင် စားဖို့လည်း လိုအပ်ပါတယ်။
ဓာတ်ရောင်ခြည် ကုသမှုနဲ့ ခီမိုဆေးသွင်းနေစဥ်တွေမှာ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ အစာစားချင်စိတ် မရှိတာ၊ ပျို့အန်တာ၊ မောပန်းအားကုန်နေတာတွေ ဖြစ်တာကြောင့် အစာမဝင်တဲ့အခါ ကိုယ်ခံအား ပိုကျလာနိုင်ပါတယ်။
ဘာတွေ စားသင့်သလဲ?
အပင်ကရတဲ့ ပရိုတင်း… အပင်ကရတဲ့ ပရိုတင်းတွေဟာ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေပါတယ်။ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ အသားကရတဲ့ ပရိုတင်းအတွက် ဆိုရင် ကြက်သား (မြန်မာကြက်၊ မွေးမြူရေး ကြက်သား မဟုတ်ပါ) နဲ့ငါး စားပေးသင့်ပါတယ်။
ကျန်းမာရေးနဲ့ ညီတဲ့ မပြည့်ဝဆီတွေ…မပြည့်ဝဆီတွေဟာ Omega 3 Fatty Acids ကြွယ်ဝပြီး ရောင်ရမ်းတာတွေ သက်သာစေသလို နှလုံးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ထောပတ်သီး၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ grapeseeds oil နဲ့ အခွံမာသီးတွေ၊ ဆယ်လ်မွန်ငါးနဲ့ အဆီများတဲ့ ပင်လယ်ငါးတွေ နေ့စဥ် စားသင့်ပါတယ်။
ကာဗိုဟိုက်ဒရိတ်…စွမ်းအင်တွေ ရရှိဖို့ ကာဗိုဟိုက်ဒရိတ်ကို ရှောင်လို့မရပါဘူး။ ဂျုံ၊ ဂျုံစေ့၊ ဖွဲနု၊ ဆန်လုံးညိုနဲ့ အုတ်ဂျုံ (Oat Meal) တွေက အမျှင်ဓာတ် ကြွယ်ဝတဲ့ ကာဗိုဟိုက်ဒရိတ်တွေ ဖြစ်ပြီး အူထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းသိမ်းပေးတဲ့အပြင် ခန္ဓာကိုယ်ဆဲလ်တွေကို ပြုပြင်တဲ့ ဇီဝကမ္မလုပ်ငန်းတွေကိုလည်း ကူညီပေးပါတယ်။
ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ…ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောင်ရမ်းတာတွေ သက်သာစေတဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ရရှိဖို့ လတ်ဆတ်တဲ့ အသား၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေ၊ အစေ့အဆန်တွေ၊ အခွံမာသီးတွေ၊
ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ နို့နဲ့နို့ထွက် ပစ္စည်းတွေ နေ့စဥ်ပါဝင်အောင် စားဖို့ လိုပါတယ်။
အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ဖို့နဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောဖို့ အရေးကြီးသလို ပြင်ဆင်ကိုင်တွယ်ရာမှာလည်း သန့်ရှင်းဖို့ ဂရုပြုရပါမယ်။
မစားသင့်တာတွေက…
- မကျက်တကျက် ချက်ပြုတ်ထားတဲ့ အစားအစာတွေ
- အသား၊ ငါးတွေကို အစိမ်းစားတာတွေ
- ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေ (ဝက်အူချောင်း၊ ကြက်အူချောင်း၊ စည်သွပ်ဘူးနဲ့ ရယ်ဒီမိတ်စားစရာတွေ)
- ပြုပြင်ထားတဲ့ အစားအစာတွေ (ဘီစကစ်၊ ကိတ်မုန့်၊ ကွက်ကီး၊ ဟမ်ဘာဂါ စသည်)
- အာလူးကြော်၊ ကြက်ကြော် အပါအဝင် ဆီကြော်တွေကို ရှောင်သင့်ပါတယ်။
ကင်ဆာရောဂါ ဖြစ်တိုင်း စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။ ကုသမှု ခံယူတာ၊ အာဟာရဖြစ်အောင် စားတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ အိပ်ရေးဝအောင် အိပ်တာ၊ စိတ်ဖိစီးမှု လျော့အောင် တရားထိုင်တာတွေ လုပ်မယ် ဆိုရင် သေမင်းကို အနိုင်ရပြီး သက်တမ်းကို ဆွဲဆန့်နိုင်မှာ အသေအချာပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်